Pages

ထားဝယ်ခရိုင်

ယနေ့ သထုံတွင် ဗျတ်ဝိရွာနှင့် ဗျတ္တရွာဟု ရှိပါသလား။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ဗျတ်ဝိရွာ၊ ဗျတ္တရွာဟု ရှိပါ၏။  ယနေ့ထားဝယ်တို့က ဗျတ်ဝိသားရွာနှင့် ဗျတ်ဝိကြီးရွာဟု ခေါ်ကြ၏။ ဗျတ်ဝိကြီးရွာမှာ ရွာပျက်ကြီးဖြစ်နေ၏။ လူနေအိမ်ခြေများမရှိတော့။ ဥယာဉ်များသာရှိ၏။

သထုံနယ်တွင် ကြီးကျယ်ထင်ရှားသည့် နတ်ပွဲများ ကျင်းပပါသလား။
ယနေ့ တောင်ပျောက်တိုက်နယ် ဗျတ်ဝိသားရွာတွင် နတ်ပွဲကို အကြီးအကျယ်ကျင်းပ၏။  တိုက်နယ်တခုလုံးက လာရောက်ကြပြီး၊ နွားတိုက်ပွဲများအပါအဝင်၊ အိုးစည်ဗုံမောင်းတို့နှင့် ဝဲချီးကျင်းပကြ၏။ 

ယင်းနတ်ပွဲကျင်းပပုံက မြန်မာပြည်အလယ်ပိုင်း တောင်ပြုံး၊ ရတနာ့ဂူစသည့် နတ်ပွဲများကျင်းပသလို မဟုတ်။ နတ်ကို မကျင်းပခင်က လျှာထားသည်မျိုးမဟုတ်၊ ထိုနတ်များသည်လည်း မိန်းမလျာများမဟုတ်။ ကျင်းပပုံကို အနည်းငယ်ပြောပြပါမည်။ 

ဗျတ်ဝိသားရွာတွင် အတော်အတန်မြင့်သည့် တောင်ကုန်းကြီးတခုရှိ၏။ ထိုတောင်ကုန်းကြီးသို့ သွားရာလမ်းတွင် အင်မတန် ရေစီးသန်သည့် ချောင်းမကြီးတခုလည်းရှိ၏။ ထိုတောင်ကုန်းကြီးပေါ်တွင် နတ်ကွန်းစင်ကြီး သုံးစင်ရှိ၏။ အလယ်နတ်စင်သည် လူလေးငါးခြောက်ယောက် အိပ်စက်အနားနိုင်သည့် ဇရပ်အငယ်စားမျှလောက်ရှိ၏။ ထိုနတ်ကွန်းပေါ်တွင် အဝတ်တစုံ၊ ဓားတချောင်း၊ ကွမ်းအစ်နှင့် ကြက်အရှင်၊ အရက်သေစာများ စားဖွယ်သောက်ဖွယ်များ ပြင်ဆင်ထား၏။ ထိုနောက် အိုးစည်အဖွဲ့က အိုးစည်များကို တီးမှုတ်ပြီး ထားဝယ်နတ်ဒိန်းသီချင်းဖြင့် နတ်ကိုပင့်ရ၏။ နတ်ပင့်သည့်အခါ နတ်စင်အနီးတွင်ရှိသည့် လူကိုလည်း ဝင်ရောက်ပူးကပ်၏။ အဝေးတွင်ရှိသည့် လူကိုလည်း ဝင်ရောက်ပူးကပ်တတ်၏။ အတည်တကျမရှိ။ တခါတလေတွင် လူလတ်များကို ဝင်ရောက်ပူကပ်ပြီး တချို့နှစ်များတွင် အသက်ခုနှစ်ဆယ်၊ ရှစ်ဆယ်အဘိုးကြီးကိုလည်း ဝင်ရောက်ပူးကပ်တတ်၏။ မည်သူမည်ဝါ မည်သည့်ရွာသားကို ပူးကပ်မည်ဟု ကြိုတင်၍ မည်သူမှ မသိကြ။ အိုးစည်ဗုံမောင်းတို့ကို တီးမှုတ်ပြီး နတ်သီချင်းများကို သီဆိုကာ ပင့်သည့်အခါမှ တစုံတယောက်ကို ဝင်ရောက်ပူးကပ်ခြင်းမျိုးဖြစ်သည်။ ထိုနတ်ပူးကပ်ခံရသည့်သူသည် နတ်ကွန်းရှိရာသို့ လာ၏၊ ထိုအခါ လူအများက အဝတ်အစားများ လဲပေးကြ၏၊ နတ်သည် အရက်သေစာများကို သောက်စား၏။ ကြက်အရှင်လည်လှီးပြီး သွေးကိုသောက်၏။ ဓားကြီးဖြင့် ဝှေ့ဝဲကာ လူအများကို ကြိမ်းမောင်း၏။ ဓားနှင့်ဝှေ့သည့်အခါ လူအများက နောက်သို့ဆုတ်လျက် ရှောင်ကြရ၏၊ ကြောက်စရာအလွန်းကောင်းပါသည်။ ထိုနောက် ထိုနတ်သည် သည်နှစ် မိုးကောင်းမည်၊ စပါး ပဲ နှမ်း လူး ဆတ် ပြောင်းများ ဈေးကောင်းမည်၊ လူအများအားကို ဥပုသ်သီတင်း စောင့်ထိန်းစေသည်၊ ကိုယ်ကျင့်သီလကို ထိန်းကျောင်းစေသည်၊ အကုသိုလ် ဒုစရိုက်အမှုများကို ရှောင်ရှားစေသည်။ အနာဂါတ်ကိုဟောပြီး ဆောင်ရန်ရှောင်များကို နတ်ကပြောပြသည်။ သင်္ကြန်စာအဟောနှင့် တူပါသည်။ လူအများက ဤနတ်စကားကိုပင် လာရောက်နားထောင်ကြခြင်းဖြစ်သည်။ တောင်ခြေတွင်တော့ နွားပွဲ၊ ကျွဲပွဲ၊ ဖဲပွဲ၊ နီထောင်ပွဲ။ စားသောက်ဆိုင်များ၊ ကွမ်းယာဆိုင်များ၊ အရုပ်ဆိုင်များ၊ မုန့်ဆိုင်များ၊ အရက်ဆိုင်များနှင့် အထူးစည်းကားလှ၏။ တောင်ပျောက်တိုက်နယ်တွင် ဗျတ်ဝိသားရွာတွင်ကျင်းပသည့် နတ်ပွဲက အကြီးဆုံးဖြစ်ပြီး၏၊ နတ်ကြီးသည်ဟုလည်း ပြောကြ၏။ သို့ဖြင့် နတ်စိမ်းဖြစ်နေသည့် ဗျတ်ဝိများလောဟု တွေးမိသည်။

မိမိတို့ရွာနှင့် မင်းဒပ်ရွာသို့ ရေလမ်းဖြင့်သွားရာတွင် ဗျတ်ဝိသားရွာနှင့် ဗျတ်ဝိကြီးရွာတို့ကို ဖြတ်စီးဆင်းသည့် ချောင်းမအတိုင်းသွားရ၏။ ဗျတ်ဝိကြီးရွာအလွန်လောက်တွင် ရေချိုရေငံအစပ်နေရာဖြစ်ပြီး ဝဲဂယက်များထူ၏၊ ကျောက်ဆောင်များလည်းပေါ၏။ ထိုအနီးအနားတွင် ကျောက်မီးကျောင်းကြီးတကောင်ရှိ၏။ ထိုပတ်ဝန်းကျင်တွင် ကျောက်ဗီရိုကြီးတလုံးလည်းရှိ၏။ ထိုအနီးအနားတွင်ပင်လျှင် ကျောက်သင်္ဘောဦးကြီးတခုလည်းရှိ၏။ ထိုအနီးအနား ကမ်းတွင် အင်မတန်ပြန့်ပြူးသည့် ကျောက်ဖြာကြီးတခုလည်းရှိ၏၊ ထိုအနီးအနားကမ်းပါးကြီးမှာ အတော်အတန်လည်းမြင့်ပြီး ကျောက်များဖြင့်ပြီး၏၊ ထိုကျောက်များတွင် လက်သည်းအရာကြီးများ ထင်ရှားလျှက်ရှိ၏။ လူကြီးသူမများက ထိုနေရာသို့ ရောက်တိုင်း ယင်းကျောက်ဖျားကြီးသည် ရှေးအခါက မင်းညီမင်းသားများ လက်ဝှေ့လက်ပန်းသတ်ကြသည့်နေရာဖြစ်၏၊ ကမ်းပါးတွင်ရှိသည့် လက်သည်းအရာများမှာ သင်္ဘောပျက်သဖြင့် လူတို့ကုတ်ခြစ်တွယ်ဖက်ထားသည်ကြောင့် ယနေ့အထိ ထင်ရှားနေခြင်းဖြစ်၏၊ စသည်ဖြင့် ပြောပြကြသည်။ ထိုအခါ ဗျတ်ဝိဗျတ်တသင်္ဘောမှောက်သည့် နေရာသည် ထိုနေရာများ ဖြစ်လေမလား၊ ထိုလက်သည်းရာကြီးများမှာ ဗျတ်ဝိဗျတ်တတို့၏ လက်သည်းရာကြီးများလားဟု စဉ်းစားမိသည်။ ဗျတ်ဝိဗျတ်တဟူသည့် ရွာနှစ်ရွာသည်လည်း ထင်ရှားရှိနေပြန်သဖြင့် ဗျတ်ဝိဗျတ်တတို့ ရေမျောကမ်းတင်သည့်နေရာသည့် ထိုနေရာတွင်များလားဟု စဉ်းစားမိသည်။ သမိုင်းဒဏ္ဍာရီများက သထုံဟု ဖော်ပြသဖြင့် ထိုနေရာသည်ပင် ရှေးအခါက သထုံများလားဟု စဉ်းစားမိပြန်၏။ ယနေ့သထုံတွင် အထက်ပါအကြောင်းအရာများ ရှိသည်မရှိသည်ကို မသိရ။

တဖန် ထိုဗျတ်ဝိသားရွာတွင် ခြုံများနှင့် ပိတ်ဖုံး ထူထပ်လျက်ရှိသည့် နေရာတခုတွင် အုတ်တံတိုင်းပျက်ကြီးများကိုလည်း တွေရဖူး၏။ ထိုချောင်းမကြီးသည် ဗျတ်ဝိသားရွာကို ပတ်ကာစီးဆင်းလျက်ရှိရာ ထိုချောင်းကိုပင် ကျုံးပြုလုပ်လျက် မြို့တည်ခဲ့ဖူးသည်လောဟုလည်း စဉ်းစားမိသည်။ ထိုဗျတ်ဝိသားရွာ နေရာတွင် ရှေးအခါက မြို့တည်ဖူးသလောဟု တွေးမိသေး၏။ သမိုင်းစိတ်ဝင်စားသူများအနေဖြင့် ထိုနေရာသို့ တခေါက်တခါ သွားရောက်လေ့လာစေချင်သည့် စိတ်ဆန္ဒ ဖြစ်ပေါ်လျက်ရှိသည်။